Thursday, September 25, 2008

http://www.narinjara.com/detailsbur.asp?id=1496

မန်မာနိုင်ငံကို ကမ္ဘာ့ ဒုတိယ အဆိုးဝါးဆုံး လာဘ်စားမှုနိုင်ငံ အဖြစ် သတ်မှတ်

9/25/2008

သျှင်ထွီးခိုင်(နိရဉ္စရာ) ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ တွင် မြန်မာနိုင်ငံမှာ ဒုတိယအဆိုးဝါးဆုံး အဂတိလိုက်စားသော နိုင်ငံအဖြစ် သတ်မှတ်ခံရကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု လေ့လာစောင့်ကြည့်ရေး အဖွဲ့၏ စစ်တမ်း အရသိရှိရသည်။

ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အဆိုးဝါးဆုံး နိုင်ငံမှာ ဆိုမာလီယာနိုင်ငံဖြစ်ပြီး ဒုတိယ အဂတိလိုက်စားမှု အဆိုးဝါးဆုံးနိုင်ငံမှာ မြန်မာနှင့် အီရတ်နိုင်ငံတို့ ဖြစ်သည်။

အဂတိလိုက်စားမှု စစ်တမ်းမှ ဖော်ပြချက်အရ ဆိုးမားလီယား နိုင်ငံမှာ ၁- အမှတ်ဖြင့် ကမ္ဘာ့ အဂတိလိုက်စားမှု အဆိုးဝါးဆုံးနေရာယူထားပြီး မြန်မာနှင့် အီရတ်နိုင်ငံများမှာ ၁ ဒဿမ ၃-မှတ်ဖြင့် ကမ္ဘာ့ အဂတိလိုက်စားမှု ဒုတိယ အဆိုးဝါးဆုံး နေရာတွင်ရှိကြောင်း စစ်တမ်းမှ ဖော်ပြ သည်။

အဆိုပါ စစ်တမ်း ကောက်ယူချက်များကို စီးပွားရေးလုပ်ငန်းရှင် များနှင့် နိုင်ငံအလိုက် လေ့လာသူများမှ အကဲဖြတ်ဆုံးဖြတ်ပြီး အဂတိလိုက်စားမှု အဆိုးဝါးဆုံးအဖြစ် (၀)- အမှတ်မှ အဂတိလိုက်စားမှု အနည်းဆုံးအဖြစ် ၁၀- အမှတ်ထိ နိုင်ငံများကို အဆင့်လိုက် ခွဲခြား သတ်မှတ်ထားသည်။

အဆင်းရဲဆုံးနိုင်ငံများတွင် ဆေးရုံဆေးခန်းများမှစပြီး သောက်ရေ သုံးရေ ရရှိရေးအတွက် လာဒ်ထိုးရပြီး ထိုအဆင့်မှပြီး သေရေးရှင်ရေးအခြေအနေထိ လာဒ်စားမှု အမျိုးမျိုးကို တွေ့ရှိရကြောင်း အဂတိလိုက်စားမှု စောင့်ကြည့် လေ့လာရေးအဖွဲ့ ထုတ်ပြန်ကြေငြာ ချက်တွင် ဖေါ်ပြသည်။

အဂတိ လိုက်စားမှု စစ်တမ်းအရ အဂတိလိုက်စားမှု အနည်းဆုံးနှင့် အသန့်ရှင်းဆုံး နိုင်ငံများမှာ အမှတ် ၉ ဒသမ ၃ မှတ်ဖြင့် ဒိန်းမတ်၊ ဆွီဒင်နှင့် နယူးဇီလန်နိုင်ငံများ ကို မှတ်တမ်းတင်ဖော်ပြထားသည်။

ဒုတိယ လာဘ်စားမှု အနည်းဆုံးနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တတိယ အဂတိလိုက်စားမှု အကင်းရှင်းဆုံးနိုင်ငံများမှာ ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံများ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ရွေးချယ်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အောက်ခြေသိမ်း ၀န်ထမ်းမှအစ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထိ လာဒ်ပေးလာဒ်ယူ အဂတိလိုက်စားမှု ရှိနေသဖြင့် ယခုကဲ့သို့ ဒုတိယ အဆိုးဝါးဆုံး နိုင်ငံ အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့သမီး သန္တာရွှေ မင်္ဂလာဆောင်ကို ၂၀၀၆ ခုနှစ်က အမေရိကန် ဒေါ်လာ ၂ သန်း အကုန်အကျခံပြီး ပြုလုပ်ခဲ့ပြီး သူ၏ သြဇာ အရှိန်အ၀ါကို အသုံးပြုပြီး လက်ဖွဲ့ပစ္စည်း ဒေါ်လာ သန်း ၅၀ ရရှိအောင် ပြုလုပ်ခြင်းက ကမ္ဘာပေါ်တွင်အကြီးမားဆုံး အဂတိလိုက်စားမှုအဖြစ် နိုင်ငံတကာက ယုံကြည်ထား သည်။

သာမန်မိဘနှစ်ပါးမှ မွေးဖွားလာပြီး အစိုးရ ၀န်ထမ်း တဦးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ထိုမျှ များပြားသော ငွေကြေး ပမာဏကို သမီး တဦး၏ မင်္ဂလာဆောင်အတွက် အသုံးပြုခဲ့သဖြင့် ထိုငွေများမှာ အဂတိလိုက်စားမှုမှ ရရှိသောငွေများမှ အပ တခြား မဖြစ်နိုင်ကြောင်း လေ့လာသူများက ယုံကြည်ထားကြသည်။

No comments: