ဆန္ဒပြနေသည့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်အလေးချိန်လျော့ကျ အစာရေစာပြတ်လပ်မည့်အရေး စိုးရိမ်နေရ
ပီတာအောင်/ ၂ စက်တင်ဘာ၂၀၀၈။ ။
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းသား ရပိုင်ခွင့်များ အပြည့်အ၀ ရရှိရေးအတွက် ပြင်ပမှ အစားအစာ လက်မခံဘဲ ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြောင်းနှင့် ရေရှည်တွင် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ပူပန်မိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ကျနော်တို့ ကြားသိသလောက်ဆက်ပြီးတော့ အဲဒီအတိုင်းပဲ ကျင့်သုံးနေတုန်းပဲလို့ သိရတယ်။ ရေရှည်လုပ်ရင်တော့ ရှိတဲ့အစားအသောက်ကတော့ ပြတ်လပ်တာတော့ ဖြစ်လာ မှာပဲလေ။ ဒါကတော့ မလွဲမသွေဖြစ်မယ့်ကိစ္စပဲ။ ကျနော်တို့ ဆရာဝန်သွားတဲ့အခါမှာ လိုအပ်တဲ့ ကျန်းမာရေးကိစ္စ ဆရာဝန်နဲ့ဒေါ်စု ဆွေးနွေးပြီး ဆောင်ရွက်တာ အကောင်းဆုံးဖြစ်မယ်လို့ ပြောချင်တယ်။ စိုးရိမ်ပူပန်မှုကတော့ ဆက်လက်ရှိနေတုန်းပါပဲ“ ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် အယူခံဝင်ခွင့်၊ ရှေ့နေ၊ ဆရာဝန်တို့နှင့် တွေ ဆုံခွင့်၊ အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများ သွင်းယူခွင့်၊ အတူနေ ဒေါ်ခင်ဝင်းတို့ သားအမိအား လွတ်လပ်စွာ သွားလာခွင့်စသည့်
မူလ ချုပ်နှောင်ခံထားရသည့် ဥပဒေနှင့် မသက်ဆိုင်ဘဲ ကန့်သတ်ခံထားရသည့် အခွင့်အရေးများ ရရှိရန်အတွက် ပြီးခဲ့သည့်သတင်း (၂) ပတ်ကျော်ကတည်းက နအဖ အာဏာပိုင်များထံ ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့်ကိစ္စ အယူခံဝင်နိုင်ရန် တတိယအကြိမ်အဖြစ် ယမန်နေ့က မိသားစုရှေ့နေ ဦးကြည်ဝင်းနှင့် မိနစ်(၃၀) ကြာ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း၊ သူမ၏ ကျန်းမာရေး ကောင်းမွန်သော်လည်း ကိုယ်အလေးချိန်လျော့ကျသွားကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောကြားသည်။
ယမန်နေ့က တွေ့ဆုံရာတွင် ရှေ့နေဦးကြည်ဝင်းက အယူခံလွှာ မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုလေ့လာနိုင်ရန် ပေးအပ်ခဲ့ကြောင်း၊ နောက်တကြိမ် သွားခွင့်ရသည့်အခါမှ ဒေါ်အောင်ဆန်းစုကြည်၏ အတည်ပြုချက် ရယူကာ အယူခံ နိုင်ရေးကိစ္စ ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။ ထပ်မံသွားခွင့်ရမည့်နေ့ကိုမူ မသိရှိရသေးဟု အန်အယ်လ်ဒီက ပြောသည်။
နအဖစစ်အစိုးရသည် ၂၀၀၃ ခု ဒီပဲယင်း အရေးအခင်းအပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု ရှေ့နေ ဦးကြည်ဝင်းနှင့် ပြီးခဲ့သည့် သြဂုတ်လ (၈) ရက် နှင့် (၁၇) ရက်တို့တွင် နှစ်ကြိမ် တွေ့ဆုံခွင့်ပေးခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment