အစာငတ်ခံဆန္ဒပြနေမှု ရပ်ဆိုင်းရန် ဒေါ်ဆောင်ဆန်းစုကြည်ကို ၀ါရင့်နိုင်ငံရေးသမားကြီးများတိုက်တွန်း
ပီတာအောင်/ ၈ စက်တင်ဘာ ၂၀၀၈။ ။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစာငတ်ခံဆန္ဒပြနေသည်ဆိုပါက ရပ်ဆိုင်းရန်နှင့် နအဖစစ်အစိုးရအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ချင်းစာသည့်အနေဖြင့် ပြန်လွှတ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများက ယနေ့ ကြေညာချက်ထုတ်ပြန်၍ မေတ္တာရပ်ခံလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေရသည့်သတင်း ထွက်ပေါ်နေသော်လည်း ယင်းသတင်းမှန်မမှန် နအဖစစ်အစိုးရရော၊ အန်အယ်လ်ဒီပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတို့ကပါ တိတိကျကျ အဖြေ မပေးနိုင်သေးဖြစ်နေကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ပူပန်စရာ အခြေအနေဖြစ်နေသဖြင့် ယခုကဲ့သို့ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်က ပြောသည်။
၎င်းက “ဒေါ်စုအနေနဲ့က ပြည်သူတွေက အားထားယုံကြည်ရတဲ့ခေါင်းဆောင်ဖြစ်နေတယ်။ ဘာပဲပြောပြော ရှေ့မှာဆက်ပြီးတော့လည်း တိုင်းပြည်ကို ခေါင်းဆောင်ဖို့ လိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူ လူထုရဲ့အကျိုးစီးပွားနဲ့ ပြည်သူရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အကယ်၍ ဒီသတင်းဟာ ဟုတ်နေတယ်ဆိုရင် ရပ်ဆိုင်းဖို့မေတ္တာရပ်ခံပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အနေနဲ့လည်းပဲ ဗုဒ္ဓဘာသာဝင်တွေဖြစ်နေတဲ့အလျောက် ကိုယ်ချင်းစာနာတဲ့အနေနဲ့ မေတ္တာတရားရှေ့ထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေသည့်သတင်းအပေါ် ယမန်နေ့ နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ဒေါ်အောင်ဆန်းစုကြည်အား (၄) ကြိမ်တွေ့ဆုံခဲ့ကြသူများ (ဦးကြည်ဝင်းနှင့် ဒေါက်တာတင်မျိုးဝင်းတို့) က ပြန်လည်သတင်းပို့ရာ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အိမ်ထဲတွင် အစာငတ်ခံ ဆန္ဒပြနေပါသည်ဆိုသည့်စကားမျိုး ကျနော်တို့ကို ပြောကြားသွားခြင်းမရှိဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နေ့စဉ် ပုံမှန်ပေးနေကျ ဈေးခြင်းကို ဒေါ်အောင်ဆန်းစုကြည်က လုံးဝ လက်မခံတော့သည်မှာ ရက်သတ္တပတ် (၃) ပတ်ခန့်ရှိပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့အတွက် မတရားဖမ်းဆီးထိန်းသိမ်းထားသော အာဏာပိုင်တို့အပေါ်တွင် တာဝန်ရှိ ကြောင်း ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။
စက်တင်ဘာ (၁) ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေ ဦးကြည်ဝင်းက ဒေါ်အောင် ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သော်လည်း ကိုယ်အလေးချိန်ကျနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားခဲ့သည်ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ကျခံနေရသူတဦး ရသင့်သည့် အခွင့်အရေးများ ချုပ်ချယ်ခံနေရသည့် အပေါ် တောင်းဆိုဆန္ဒပြသည့်အနေဖြင့် ပြီးခဲ့သည့်လလယ်ပိုင်းမှစ၍ ပြင်ပမှ အစားသောက်များကို လက်မခံ တော့သည့်အပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ နအဖ ဆက်ဆံရေးဝန်ကြီးတို့နှင့် သွားရောက် တွေ့ဆုံခြင်း လည်း မရှိတော့ချေ။
No comments:
Post a Comment